Water, Sanitation and Hygiene

Water, Sanitation and Hygiene

ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသည် ကျန်းမာပျော်ရွှင်ပြီး အရည်အသွေးကောင်းမွန်သော လူနေမှုဘဝများဆီသို့ ဦးတည်လျှောက်လှမ်းနိုင်ရန်အတွက် အထူးအရေးကြီးပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီး ပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုများ၊ ရေကောင်းရေသန့်ရှားပါးမှုပြဿနာများအား ရပ်ရွာအတွင်း ရင်ဆိုင်ကြုံတွေ့ချိန်မှ စတင်ကာ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသိပညာပေးခြင်း၊ ရေသန့်စက်နှင့်ရေသန့်ဆေး ကိုင်တွယ်အသုံးပြုပုံများအား ရပ်ရွာလူထုသိရှိစေရန် စတင်ဆောင်ရွက်ခဲ့ကြပါသည်။

၂၀၁၇ခုနှစ်တွင် အသင်း၏ WASH ယူနစ်ကို စတင်ဖွဲ့စည်းခဲ့ကြပြီး ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဆက်စပ်နေသော ထိခိုက်ဆုံးရှုံးမှုများ လျှော့ချပေးနိုင်ရေးအတွက် ရည်ရွယ်ချက် (၄)ချက်ချမှတ်ကာ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

WASH ယူနစ်သည် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ ကျေးလက်ဒေသတွင်ရှိနေသော ဘေးအန္တရာယ်ကျရောက်လွယ်သူများ အထူးသဖြင့် ငါးနှစ်အောက်ကလေးများအတွက် ဦးတည်ကာ စီမံချက်လုပ်ငန်းများအား ချမှတ်ဆောင်ရွက်နေကြပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် လူထု၏ပူးပေါင်းပါဝင်မှုနှင့်အတူ လှုပ်ရှားကူညီနေကြပါသည်။

WASH ယူနစ်ဖွဲ့စည်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်

  • ကျေးလက်ဒေသရှိ ရပ်ရွာလူထုများမှ မိမိတို့ လိုအပ်ချက်များအား ရှာဖွေဖော်ထုတ်နိုင်စေရန်
  • အစိုးရအဖွဲ့အစည်းများ အခြားစိတ်ပါဝင်စားသူများနှင့် ပြည်နယ်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နိုင်စေရန်
  • WASH စီမံကိန်းများအား ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ အခြား WASH အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်
  • သန့်ရှင်းသောသောက်သုံးရေရရှိစေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ပံ့ပိုးနိုင်စေရန် ဖြစ်ပါသည်။