မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အရေးပေါ်ကွပ်ကဲမှုစင်တာ (Emergency Operation Center – EOC) သည် အရေးပေါ်ကာလအခြေအနေများတွင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းချိတ်ဆက်ခြင်း (Coordination) ကို ဆောင်ရွက်ပါသည်။
အဆိုပါ ဘေးအန္တရာယ်များအား စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများအတွက် အဓိကလုပ်ငန်းကဏ္ဍ(၃)ရပ် ရှိပါသည်။
- အရေးပေါ်ကြိုတင်သတိပေးခြင်းနှင့် ဆောလျင်စွာတုံ့ပြန်ဆောင်ရွက်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း
- ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ထိခိုက်ဆုံးရှုံးမှုများအား ဆောလျင်စွာဆန်းစစ်ကောက်ယူခြင်း
- တုံ့ပြန်မှုများ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းများကို ပြန်လည်သုံးသပ်အစီရင်ခံခြင်း တို့ကို ဆောင်ရွက်ပါသည်။
EOC သည် အရေးပေါ်အခြေအနေတစ်ခုတွင် စောင့်ကြည့်လေ့လာသုံးသပ်ခြင်း၊ သတင်းအချက်အလက်များစုဆောင်းခြင်း၊ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရေးပေါ်ကြိုတင်သတိပေးခြင်းနှင့် ဆောလျင်စွာတုန့်ပြန်ဆောင်ရွက်ရေးအတွက် ကူညီထောက်ပံ့ပေးခြင်း၊ အစီရင်ခံတင်ပြခြင်း၊ စာရင်းမှတ်တမ်းများထိန်းသိမ်းထားရှိခြင်းများအတွက် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ အရေးပေါ်ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ပေးနေသော စင်တာတစ်ခုဖြစ်ပါသည်။
အရေးပေါ်ကွပ်ကဲမှုစင်တာ (EOC)သည် အဓိကတာဝန်(၄)ရပ်ဖြင့် လုပ်ငန်းဆောင်ရွက်ပါသည်။
- သတင်းချိတ်ဆက်ရယူမှုနှင့် ပြန်ကြားဆက်သွယ်ခြင်း (Networking and Communication)
- ညှိနှိုင်းဆောင်ရွက်ခြင်း (Coordination)
- စဉ်ဆက်မပြတ်လုပ်ငန်းများဆောင်ရွက်ခြင်း (Business Continuity)
- သတင်းအချက်အလက်များ ခိုင်မာတိကျမှုရှိစေရန်နှင့် စီမံခန့်ခွဲခြင်း (Information Management)
အထက်ပါ အဓိက လုပ်ငန်းတာဝန်(၄)ရပ်ကို ဆောင်ရွက်ရာတွင် သာမန်အချိန်သာမက အရေးပေါ်အချိန်များတွင် E.Technology နည်းပညာပိုင်းဆိုင်ရာသာမက သတင်းပညာရပ်များ (Information Technology, Information Collection and Media Relation)၊ ဆန်းစစ်အကဲဖြတ်မှုများ (Data and Information Analysis, Monitoring)၊ ဦးစားပေးရွေးချယ်ခြင်း (Prioritization)၊ အစီရင်ခံတင်ပြခြင်း (Reporting)၊ စာရင်းမှတ်တမ်းထိန်းသိမ်းထားရှိခြင်း (Database and Record Keeping) စသည့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများနှင့်အတူ စဉ်ဆက်မပြတ် ပေါင်းစပ်ဆောင်ရွက်ကြရပါသည်။