Myanmar Red Cross Society

Planning, Monitoring, Evaluation and Reporting Unit

Planning, Monitoring, Evaluation and Reporting Unit

အစီအစဉ်ရေးဆွဲခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာရေးသားခြင်း ဆိုင်ရာယူနစ် (PMER Unit)သည် အသင်း၏ လုပ်ငန်းအစီအစဉ်များနှင့် ဖော်ဆောင်မှုများမှ ထွက်ပေါ်လာသည့် ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုများအား တိုးတက် ကောင်းမွန်လာစေရန်အပြင် ရပ်ရွာလူထုနှင့် လက်တွဲဆောင်ရွက်ခြင်းနှင့် တာဝန်ယူမှု/တာဝန်ခံမှုရှိရေး (CEA) လုပ်ငန်းများကို အဓိက ဆောင်ရွက်နေပါသည်။

ယူနစ်၏တာဝန်မှာ  အသင်းအနေဖြင့် မဟာဗျူဟာပန်းတိုင်များ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများကို မြင့်မားကျယ်ပြန့်စွာ အသုံးချ၍ မြန်မာပြည်အနှံ့တွင်ရှိသော ထိခိုက်ခံစားရလွယ်သော ရပ်ရွာလူထုကို ကူညီနိုင်စေရန် လုပ်ဆောင်ပံ့ပိုးပေးရပါသည်။

 

ရည်ရွယ်ချက်

အသင်း၏ အစီအစဉ်များကြိုတင်ရေးဆွဲခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာလုပ်ငန်းများအတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်-

  • မဟာဗျူဟာလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရေး စနစ်တစ်ခု ချမှတ်ရန်၊
  • PMER ဆောင်ရွက်သူများနှင့် စီမံကိန်း/ စီမံချက်များအကြား ထိတွေ့ဆက်ဆံမှုတိုးလာစေရန်နှင့်
  • ဌာနတွင်း PMER လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ တပြေးညီဖြစ်စေရန်။

 

မဟာဗျူဟာအဆင့်အစီအစဉ်ရေးဆွဲခြင်း

ယူနစ်သည် အသင်း၏ မျှော်မှန်းချက်၊ လုပ်ဆောင်ချက် များနှင့်အညီ မဟာဗျူဟာအစီအစဉ်ရေးဆွဲရာတွင် ပံ့ပိုးကူညီ လုပ်ဆောင်ပါသည်။

စောင့်ကြည့်လေ့လာခြင်းနှင့်အစီရင်ခံစာရေးသားခြင်း

အသင်း၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံစာများရေးသားခြင်းကို လုပ်ဆောင်လျက်ရှိပါသည်။

အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိပညာဗဟုသုတစီမံခန့်ခွဲမှု

ယူနစ်သည် အသင်း၏ စီမံကိန်းများနှင့် လုပ်ငန်းအစီအစဉ်များအား အကဲဖြတ်ဆန်းစစ်ခြင်းနှင့် လုပ်ငန်းဖော်ဆောင်ရာတွင် ရရှိလာသည့် သင်ခန်းစာများနှင့် အကောင်ဆုံးသောလုပ်ဆောင်မှုများကို စုဆောင်ခြင်းဖြင့် ဗဟုသုတများ တိုးမြှင့် ရရှိလာစေရေး စီမံခန့်ခွဲမှုများ လုပ်ဆောင်လျက်ရှိပါသည်။

ရပ်ရွာလူထုသဘောထားတုံ့ပြန်မှုစနစ်

အသင်းဌာနချုပ်တွင် ဗဟိုအဆင့် သဘောထားတုံ့ပြန်မှု စနစ်ကို တည်ထောင်ခဲ့ပြီး ၎င်း၏လုပ်ငန်းများလည်ပတ်လျက်ရှိပါသည်။ အသင်း၏ လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အကျိုးခံစားခွင့်ရှိသူများနှင့် ရပ်ရွာလူထု၏ မေးမြန်းဆွေးနွေးမှုများ၊ အကြံပြုချက်များနှင့် တုန့်ပြန်ပြောကြားချက်များကို အလေးဂရုပြု နားထောင်၍ အသင်း၏ ပိုမိုတုံ့ပြန်ဆောင်ရွက်ပေးနိုင်သော ရပ်ရွာလူထုအခြေပြုသည့် လုပ်ငန်းအကောင်အထည်ဖော်မှုများ ဖြစ်လာစေရေး ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

စွမ်းဆောင်ရည်မြှင့်တင်ခြင်း

PMER နှင့် CEAလုပ်ငန်းများ ပိုမိုထိရောက်အကျိုးရှိစေရေးအတွက် အသင်း၏ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များကို လိုအပ်သော ကျွမ်းကျင်မှုများ၊ နည်းစနစ်များ၊ ပစ္စည်းကိရိယာများနှင့်အတူ သင်ကြား လေ့ကျင့်ပေးလျက် ရှိပါသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာအကူအညီပေးရေး လုပ်ငန်းများအပေါ် ပြည်သူလူထု၏သဘောထားအမြင်အား လေ့လာသည့် သုတေသနစစ်တမ်း တစ်ခု ပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

အသင်း၏ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းနှင့်ပတ်သက်သည့် စနစ်ကို အွန်လိုင်း ဒီဂျစ်တယ်စနစ်သို့ စတင်ပြောင်းလဲရန် ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။