Myanmar Red Cross Society

ခြေတုလက်တုတပ်ဆင်ရေးနှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု

ခြေတုလက်တုတပ်ဆင်ရေးနှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု

ခြေတုလက်တုတပ်ဆင်ရေးနှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ပံ့ပိုးမှုဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူများကို ခြေတု၊ လက်တုနှင့် အားပြုကိရိယာများထောက်ပံ့ပေးနေသော ဌာနဖြစ်ပါသည်။
ဌာန၏ စီမံချက် ဒေသများ ဖြစ်သော ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် ကယားပြည်နယ်တို့မှ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ကျား/မ၊ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးစု (သို့) အဆင့်အတန်း မခွဲခြားဘဲ ဝန်ဆောင်မှုပေးနေပါသည်။
  • သတ်မှတ်ဧရိယာများမှ ခြေတုလက်တုနှင့် အားပြုကိရိယာများ လိုအပ်သူများကို ခြေတုလက်တုနှင့်အားပြုကိရိယာ များတပ်ဆင်ပေးခြင်း
  • ဝန်ဆောင်မှုရယူနေစဉ်အတွင်း အကြောအဆစ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးဆွေးနွေးပေးခြင်း၊နေရာထိုင်ခင်း၊အစားအသောက်၊ခရီးစရိတ်များ စီစဉ်ပေးခြင်း
  • နှစ်စဉ် ဧပြီလနှင့်မေလများတွင် နွေရာသီကလေးများ ခြေတုတပ်ဆင်ရေးအထူးအစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးခြင်း
  • နယ်လှည့်ခြေတုပြုပြင်ရေးအစီအစဉ်ဖြင့် သတ်မှတ်ဧရိယာများသို့ တစ်နှစ်လျှင်တစ်ကြိမ် ခြေတုပြုပြင် ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း၊ ဝန်ဆောင်မှုအသစ်ရယူလိုသူများအား ဌာန သို့ညွှန်းပို့ပေးခြင်း
  • HORC မှ ရပ်ရွာအခြေပြု အသေးစားခြေတုပြုပြင်မှုသင်တန်းတက်ရောက်အောင်မြင်ပြီးသူ စေတနာရှင်များမှ မိမိတို့ ရပ်ရွာများမှ မသန်စွမ်းသူများကို အသေးစားခြေတုပြုပြင်ဝန်ဆောင်မှု ပေးခြင်း
  • ဝေးလံဒေသနှင့် နယ်စပ်ဒေသများမှ မသန်စွမ်းသူများအနေဖြင့် ခြေတု၊လက်တုနှင့် အားပြုကိရိယာဝန်ဆောင်မှုများ တိုးမြှင့်ရရှိစေရန်
  • သင့်လျော်သော ခြေတု၊လက်တုဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်စွမ်းအားကို မြှင့်တင်ရန်
လုပ်ငန်းဆောင်ရွက်လျက်ရှိသောနေရာများ (စုစုပေါင်း ၄၅ မြို့နယ်)
  • ကရင်ပြည်နယ်
  • ကယားပြည်နယ်
  • မွန်ပြည်နယ်
  • တနင်္သာရီတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)
ဌာနကို ၂၀၀၃ ခုနှစ်ဇန်နဝါလ ၂၁ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး စီမံချက်ဒေသများမှ မသန်စွမ်းသူများအား ခြေတု၊လက်တုနှင့်အားပြုကိရိယာများ ထောက်ပံ့ပေးခြင်း၊ အကြောအဆစ်ဆိုင်ရာ လေ့ကျင့်ခန်းများ၊စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးဆွေးနွေးကူညီပေးခြင်းတို့ကို ၂၀၁၄ ခုနှစ်မှစတင်၍ နယ်လှည့်ခြေတုပြုပြင်ရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံချက်ဒေသရှိမြို့နယ်များသို့ သွားရောက် ခြေတု၊လက်တုနှင့် အားပြုကိရိယာများ ပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသည်။ ထို့အပြင် အကြီးစားပြုပြင်ရန်လိုအပ်သူများနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူများကို ဌာနသို့ညွှန်းပို့ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။
၂၀၁၅ ခုနှစ်မှစတင် ရပ်ရွာအခြေပြုအသေးစားခြေတုပြုပြင်ဝန်ဆောင်မှု အစီအစဉ်ကို စတင်အကောင်အထည်ဖေါ်နေပါသည်။ ခြေတု၊လက်တုနှင့် အားပြုကိရိယာလိုအပ်သူများအနေဖြင့် မိမိတို့ရပ်ရွာတွင် ခြေတုပြုပြင်ဝန်ဆောင်မှုအလွယ်တကူ လက်လှမ်းမှီရရှိခြင်းဖြင့် ဌာနသို့လာရောက်ရန် ငွေကုန်ကြေးကျနှင့် အချိန်ကုန် သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပါသည်။
ဌာနတွင် ဝန်ဆောင်မှုလာရောက်သူများအား လူမှုအသိုင်းအဝိုင်းအတွင်း ပိုမိုဝင်ဆန့်နိုင်ရေးအတွက် အားကစားစိတ်ပါဝင်စားသူများအား မသန်စွမ်းအားကစားပွဲများကျင်းပပေးခြင်း၊ မသန်စွမ်းအားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးခြင်း၊အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများသို့ ညွှန်းပို့ပေးခြင်းနှင့် ၂၀၂၃ခုနှစ်မှစတင် အသေးစားစီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် လိုအပ်သော အရင်းအနှီးပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို စတင်ဆောင်ရွက်နေပါသည်။
စတင်တည်ထောင်ချိန် ၂၀၀၃ ခုနှစ်မှ ၂၀၂၃ခုနှစ်စက်တင်ဘာလ အထိ ခြေတု လက်တုနှင့် အားပြုကိရိယာလိုအပ်သော မသန်စွမ်းသူ (၉၂၀၈)ဦးအား ခြေတုပေါင်း (၁၂၈၇၆)၊ လက်တုပေါင်း (၃၂၅)၊အားပြုကိရိယာပေါင်း(၁၁၂၇) ၊ ချိုင်းထောက်၊လက်ထောက်ပေါင်း (၂၀၁၃၅)၊ ဘီးတပ်ကုလားထိုင်ပေါင်း (၇၄၂)စီးတို့ကို ထောက်ပံ့ပေးခဲ့ပါသည်။