Myanmar Red Cross Society

သွေးလှူဒါန်းခြင်း

သွေးလှူဒါန်းခြင်း

သွေးသန့်သွေးလှူဒါန်းခြင်း

သွေးကိုအစားထိုးရန် သွေးအတုဟူ၍မရှိပါ။ ထိုအသက်ကယ်အရည်ကို ရရှိစုဆောင်းရန် သွေးလှူခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နေရာအနှံ့အပြားတွင် သွေးလိုအပ်နေသူတိုင်းကို ကုသပေးရန် လုံလောက်သော သွေးလှူဒါန်းမှုမရှိပေ။ ကမ္ဘာအနှံ့တွင် နှစ်စဉ်သွေးယူနစ်‌ပေါင်း ၁၁၂.၅သန်း လှူဒါန်းနေသော်လည်း သွေးကိုလိုအပ်နေဆဲဖြစ်သည်။  လူအယောက် (၁၀၀၀)အတွက်၊ ဝင်ငွေမြင့်မားသော နိုင်ငံများတွင် သွေးအိတ်ပေါင်း (၃၂)အိတ်၊ ဝင်ငွေအလယ်အလတ်နိုင်ငံများထဲမှ အထက်ပိုင်းတွင်ရှိသောနိုင်ငံများတွင် သွေးအိတ်ပေါင်း(၁၅)အိတ်၊ အောက်ပိုင်းတွင်ရှိသောနိုင်ငံများတွင် သွေးအိတ်ပေါင်း(၇.၆)အိတ်၊ ဝင်ငွေနည်းသောနိုင်ငံများတွင် သွေးအိတ်ပေါင်း (၄.၆)အိတ်ပေးနိုင်ပါသည်။ ဆိုလိုသည်မှာ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသောနိုင်ငံများတွင် နေထိုင်ပါက သွေးလိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန် သင်၏ရပ်ရွာပတ်ဝန်းကျင်သည် သွေးအလှူရှင်များ ပိုမိုလိုအပ်ပါသည်။

သွေးဆိုတာဘာလဲ

သွေးသည် လူ့အသက်အတွက် မရှိမဖြစ်လိုအပ်သည်။ သွေးသည် ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်တိုင်းကို အစာကျွေးရန်နှင့် အောက်စီဂျင်ရရှိရန် အစားအစာနှင့်အောက်စီဂျင်တို့ သယ်ဆာင်ပေးသည့် အရည်ဖြစ်သည်။ ထို့ပြင် ဆဲလ်များဆီမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အညစ်အကြေးများကို ပြန်လည်သယ်ဆောင်ပေးသည့်အတွက် ကိုယ်ခန္ဓာသည် ၎င်းအရာများကို စွန့်ထုတ်နိုင်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် သွေးလုံလောက်စွာ မရှိပါက သင်၏ဆဲလ်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ရေ၊ အစားအစာနှင့် အောက်စီဂျင် လုံလောက်စွာမရရှပဲ အညစ်အကြေးများနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ လွန်စွာများပြားလာခြင်းကြောင့် သေဆုံးနိုင်ပါသည်။
သွေးသည်အင်အားကြီးမားသောအရည်ဖြစ်သည်။ သွေးတစ်စက်စီတွင် ပစ္စည်း(၃)မျိုး အဓိကပါဝင်ကာ တစ်မျိုးစီတိုင်းသည် အရေးကြီးသည့်အခန်းတွင် ပါဝင် ဆောင်ရွက်ကြသည်။ ၎င်းပစ္စည်း(၃)မျိုးသည် အာဟာရများနှင့် အောက်စီဂျင်တို့ကို လည်ပတ်စေကာ ထိရှဒဏ်ရာရသည့်အခါများတွင် သွေးအလွန်အမင်းထွက်ခြင်းကို တားဆီးပေးနိုင်သည့်အပြင် သင့်အားအန္တရာယ်ပေးနိုင်သော ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ သာမန်အရွယ်ရောက်ပြီးသူတစ်ဦးတွင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်ခါတိုင်းလျှင် သွေး ၈-၁၀ပိုင့် (သို့) ၃.၇ - ၄.၇ လီတာရှိသည်။ မွေးကင်းစကလေးငယ်၏ သေးငယ်သောခန္ဓာကိုယ်တွင် သွေးတစ်ခွက် (သို့) ၂၄၀ မီလီလီတာရှိသည်။ အကယ်၍ ခန္ဓာကိုယ်ပြင်ပ (သို့) အတွင်းပိုင်းမှ သွေး ၁၅ရာခိုင်နှုန်းနှင့်အထက် ဆုံးရှုံးပါက ဆဲလ်များကို အစာကျွေးရန်နှင့် အောက်စီဂျင်ရရှိရန် ခန္ဓာကိုယ်မှ အလုပ်ပိုလုပ်ရသည်။ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊ အရေးပေါ်ခွဲစိတ်ကုသရခြင်း၊ ကလေးမွေးပြီးနောက် သွေးသွန်ခြင်း၊ (သို့) သွေးကင်ဆာ (သို့) သွေးလွန်တုပ်ကွေး တို့မှ လျင်မြန်စွာသွေးဆုံးရှုံးလျှင် သေဆုံးနိုင်ပါသည်။ လူတစ်ဦးအသက်ရှင်ရန် လုံလောက်သောသွေးပမာဏရရှိနေရန် အလွန်အရေးကြီးသည်။ သို့သော် သွေးဆုံးရှုံးပြီးပါက အခြားသူတစ်ဦး၏သွေးဖြင့် ပြန်လည်အစားထိုးရန်ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် အသက်များကို ကယ်တင်နိုင်ပါသည်။

သွေးသွင်းခြင်းနှင့် သွေးလှူဒါန်းခြင်းရာဇဝင်

၁၇ရာစုတွင် ပြင်သစ်သမားတော် ယောန်ဘက်ပ်တေးဒန်းနစ်(Jean-Baptiste Denise)က သိုး၏သွေးကိုလူ့ကိုယ်တွင်းသို့ သွင်းသည့်အခါ ပထမဦးဆုံးသွေးသွင်းခြင်းအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ သွေးများအားလုံး အတူတူပင်ဖြစ်သည်ဟု ယူဆခဲ့သောကြောင့် သူ မအောင်မြင်ခဲ့ပါ။ ၁၉၀၀ခုနှစ်များ မတိုင်မီ ဩစတြီးယားသိပ္ပံပညာရှင် ကားလ်လန်းစတိန်နာက လူသားအချင်းချင်းတွင်ပင် သွေးများအားလုံးထပ်တူမညီကြောင်း ရှာဖွေတွေ့ရှိခဲ့သည့်အချိန်အထိ ထိုအကြောင်းကို မသိရှိခဲ့ကြပေ။ လူတစ်ဦးသည် အများနှင့်မတူသော သွေးအုပ်စုဖြင့် မွေးဖွားလာခဲ့ပြီး ဘဝတစ်လျှောက်လုံး ထိုအတိုင်းပင် မပြောင်းမလဲရှိကြောင်း သူတွေ့ရှိခဲ့သည်။ အဓိကသွေးအုပ်စု (၄)မျိုးမှာ အေ၊ ဘီ၊ အေဘီ နှင့် အို တို့ဖြစ်သည်။
သွေးအုပ်စုတစ်မျိုးရှိသောလူတစ်ဦးသည် အခြားသွေးအုပ်စုမတူသူတစ်ဦးထံမှ လှူဒါန်းသည့်သွေးကို လက်ခံရရှိသည့်အခါ ၎င်းတို့၏ခန္ဓာကိုယ်မှ ထိုသွေးကို အန္တရာယ်ရှိသောအရာဟုထင်မှတ်ကာ တိုက်ထုတ်သောကြောင့် ပိုမို၍ ထိခိုက်ရကြောင်း သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ အချို့ သွေးအုပ်စုရှိသူများအား မတူသောသွေးအုပ်စုကို သွင်းပေးနိုင်သော်လည်း အချို့သူများမှာ သွေးအုပ်စုတစ်မျိုးတည်းကိုသာ လက်ခံနိုင်သည်။ ယခုကဲ့သို့ အုပ်စုခွဲထားခြင်းကို သိရှိထားခြင်းဖြင့် လူအများအတွက် သွေးအုပ်စုတူ (သို့) အချို့သောသွေးအုပ်စုရှိသည့်သူများထံမှ သွေးကိုလက်ခံရယူရာတွင် ပို၍ အန္တရာယ်ကင်းစေသည်။
နောက်ပိုင်းတွင် သိပ္ပံပညာရှင်များသည် သွေးအုပ်စုများအကြောင်း ပိုမို၍တွေ့ရှိလာကြသည်။ သူတို့သည် ရီးစပ်စ်(Rh) ဟုခေါ်သော အသားဓါတ်တစ်မျိုးကို သွေးထဲတွင် ပါဝင်ခြင်း ရှိမရှိကို တွေ့ရှိလာကြသည်။ ထိုအခါ သွေးအုပ်စု (၄)မျိုးကို Rhအပေါင်းသွေးနှင့် Rhအနုတ်သွေးဟူ၍ ထပ်မံခွဲလိုက်ကာ ဥပမာအနေနှင့် A+ (သို့) A- အဖြစ်ဖော်ပြကြသည်။ ထို့ကြောင့် သွေးအုပ်စုပေါင်း (၈)မျိုးရှိလာလေသည်။
သွေးအုပ်စုများအကြောင်း Rh သွေးအကြောင်း၊ သွေးတွင်ပါဝင်သော ပစ္စည်းများအကြောင်းနှင့် ပါဝင်ပစ္စည်းတစ်မျိုးစီ၏ လုပ်ဆောင်ချက်များအကြောင်း သိထားကာ ၁၉၃၇ခုနှစ်တွင် ချီကာဂို မှ ဆရာဝန်တစ်ဦးက ပထမဆုံးသွေးလှူဒါန်းဌာနကို ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်မှစ၍ သွေးသည် လူတစ်ဦးကိုသွင်းပေးရန် လုံခြုံစိတ်ချရသည်ဟူသော ကိစ္စရပ်မှာစိန်ခေါ်မှုများ ကြုံတွေ့ရလေသည်။ သို့သော် ယနေ့တွင် သွေးသွင်းကုသခြင်းသည် ရှေ့တန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။
သွေးဌာနများနှင့် ဆေးရုံများသည် သင်သွေးလှူဒါန်းသည့်အခါ သင့်သွေးအုပ်စုကို လက်ခံနိုင်သောသူထံသို့သာ ရောက်ရှိပါသည်။ သင်၏သွေးကို ထပ်ပိုးသိမ်းဆည်းပြီး အခြားမည်သူတစ်ဦးတစ်ယောက်၏ သွေးနှင့်မျှ ရောနှောမသွားစေရန်ဆောင်ရွက်ထားရှိပါသည်။ သင်သည် မိမိ၏သွေးအုပ်စုကို မသိထားသည့်တိုင်အောင် သွေးလှူသည့်အခါ သင့်သွေးအား စမ်းသပ်၍ အုပ်စုခွဲပေးခြင်းတို့ကို သွေးဌာနများနှင့် ဆေးရုံများက ပြုုလုပ်ပေးပါသည်။

သွေးလှူဒါန်းတော့မယ်ဆိုလျှင် ဒီအချက်ကလေးတွေကို ဂရုစိုက်ပါ

  • အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။
  • အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၃၀) အထက် ရှိရမည်။
  • အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင်(၁၃၀) အထက် ရှိရမည်။
  • အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမည်။
  • အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။
  • လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။
  • လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမည်။
  • ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမည်။
  • အထက်ပါ အချက်အလက်များနှင့် ပြည့်စုံနေပြီဆိုရင်တော့ (၄) လ လျှင် တစ်ကြိမ် သွေးလှူဒါန်းနိုင်ပါပြီ။

သွေးလှူဒါန်းမယ်ဆိုရင်

ခွဲစိတ်ကုသမှုများနှင့် သွေးသွင်းရန်လိုသည့်လူနာများအတွက်  ကြက်ခြေနီစေတနာလုပ်အားရှင်များသည် စေတနာအလျောက် အခမဲ့သွေးလှူဒါန်းခြင်းများကို ဆောင်ရွက်နေကြပြီး သွေးအလှူရှင်များကို ချိတ်ဆက် ရှာဖွေပေးခြင်းအားဖြင့် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါတယ်။

သွေးလှူဒါန်းလိုပါက – အမျိုးသားသွေးလှူဘဏ်၊ ရန်ကုန်အထွေထွေဆေးရုံကြီး ၉၅ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့  ဖုန်း – ၀၁ ၃၇၂၇၅၃ သို့ ဆက်သွယ်ပြီးသွားရောက်လှူဒါန်းနိုင်သလို

Online Booking စနစ်နဲ့လည်း အောက်ဖော်ပြပါ link မှတစ်ဆင့် ချိတ်ဆက်လှူဒါန်းနိုင်ပါတယ်။

https://www.donatebloodmyanmar.org/booking

အရေးပေါ်သွေးလှူဒါန်းမှုများအတွက် အောက်က link လေးကို နှိပ်ပြီး စာရင်းပေးသွင်းထားလို့လည်း ရပါတယ်။

https://www.donatebloodmyanmar.org/reg

နီးစပ်ရာ သွေးလှူဘဏ်များနှင့် ဆေးရုံများတွင် စေတနာအလျောက် သွေးလှူဒါန်းခြင်းဖြင့် မိမိမေတ္တာကို မျှဝေပြီး သွေးလှူဒါန်းသူများအဖြစ် ဂုဏ်ယူလိုက်ကြပါစို့ …..