Myanmar Red Cross Society

ရွေ့လျားကျန်းမာရေးဆေးခန်းများ

ရွေ့လျားကျန်းမာရေးဆေးခန်းများ

ရွှေ့လျားကျန်းမာရေးဆေးခန်းများသည် အထူးသဖြင့် ဝေးလံခေါင်ဖျားသော၊ ချို့တဲ့သော ဒေသများ သို့မဟုတ် လက်လှမ်းမမီသော ရပ်ရွာများသို့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို တိုက်ရိုက် ပို့ဆောင်ပေးသည့် စုစည်းထားသော ကျန်းမာရေး စောင့်ရှောက်မှု တစ်ခု ဖြစ်သည်။ ပထဝီဝင်၊ စီးပွားရေး၊ သို့မဟုတ် အခြားအတားအဆီးများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်မှု ကွာဟချက်ကို လျော့ပါးစေရန် ရည်ရွယ်ထားပြီး အစိုးရကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ ပုဂ္ဂလိကဆေးခန်းများသို့ သွားရောက်ရန် အခက်အခဲရှိသူများ အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ ဤဆေးခန်းများကို အများအားဖြင့် ဘတ်စ်ကားများ၊ ဗင်ကားများ၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများ အတွင်း ပုံသေနေရာများသို့ မော်တော်ကားများဖြင့် ဆေးပစ္စည်းကိရိယာများ တင်ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ ဝန်ထမ်းများဖြင့် ကျန်းမာရေးဆေးကုခန်းများဖွင့်လှစ်ကုသပေးခြင်းဖြစ်ပါသည်။

 

အဓိကရည်ရွယ်ချက်များမှာ

ကန့်သတ်ချက်အမျိုးမျိုးကြောင့် သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ သွားရောက်နိုင်ခြင်း မရှိသူများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ ကြိုတင်ကာကွယ်ခြင်းများ၊ ရောဂါရှာဖွေခြင်း နှင့် ကျန်းမာရေးအသိပညာပေးခြင်းများပါဝင်ပါသည်။
မကူးစက်နိုင်သောရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ၏ ရောဂါအစ အစောပိုင်းအဆင့်တွင် ကျန်းမာရေးပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များကို ဖြစ်ပေါ်စေနိုင်ပြီး အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်သည်။
ကျန်းမာရေး နှင့်ညီညွတ်သော လူနေမှုပုံစံများအကြောင်း အသိပညာပေးခြင်းတို့ဖြင့် ကျန်းမာရေးမြှင့်တင်ရေး နှင့် ရောဂါကာကွယ်ရေးတို့ကို ပြုလုပ်ပေးနိုင်ပါသည်။
ပုံမှန်စစ်ဆေးမှုများ၊ ရေရှည်ဆေးဝါးကုသမှု နှင့် လူနေမှုပုံစံ စတဲ့ အကြံဉာဏ်ပေးခြင်းတို့ကို ပံ့ပိုးပေးခြင်းဖြင့် နာတာရှည်ရောဂါရှိသူတွေကို ကူညီပေးနိုင်ပါသည်။
အသေးစားဒဏ်ရာများနှင့် ဖျားနာမှုများအတွက် ဆေးကုသမှုခံယူစေပြီး အရေးပေါ်ဌာနများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါသည်။
ကနဦး ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ကျွမ်းကျင်မှု သို့မဟုတ် အရင်းအမြစ်များထက် ကျော်လွန်သွားနိုင်သည့် ကျန်းမာရေး အရေးပေါ်အခြေအနေအား စောစီးစွာသိရှိနိုင်ချိန်တွင် ဆေးရုံများသို့ အချိန်မှီလွှဲပြောင်းပေးခြင်းဖြင့် လူနာ၏ရလဒ်များနှင့် ပြန်လည်ကောင်းမွန်လာမှုကို အကျိုးဖြစ်ထွန်းစေပါသည်။

ရွှေ့လျားကျန်းမာရေးဆေးခန်း၏ အကျိုးကျေးဇူးများမှာ

၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုများကို ချို့တဲ့သောရပ်ရွာလူထုများ၏ တံခါးပေါက်ဆီသို့ ဆောင်ကျဉ်းပေးကာ အခက်အခဲရှိသူများ အတွက် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမှီ စေနိုင်သည်။
ဤဆေးခန်းများကို သဘာဝဘေးဒဏ်သင့်ဒေသများ သို့မဟုတ် ရောဂါဖြစ်ပွားနေသည့် ဒေသများကဲ့သို့ ယာယီကျန်းမာရေးလိုအပ်ချက်ရှိသည့် ဒေသများတွင် သွားရောက်ဖွင့်လှစ်နိုင်သည်။
ဤဆေးခန်းများသည် ကြိုတင်ကာကွယ်စောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါသည်။
၎င်းတို့သည် တစ်ဦးချင်းကျန်းမာရေး စောင့်ရှောက်မှုနှင့် ဒေသန္တရကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးခြင်းဖြင့် လူထုနှင့် ယုံကြည်မှု၊ ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ပေးပါသည်။
ဤဆေးခန်းများသည် မကြာခဏဆိုသလို ကျန်းမာရေးပညာပေးများ ပေးလေ့ရှိပြီး အမျိုးမျိုးသော ကျန်းမာရေးပြဿနာများအကြောင်း အသိပညာပေးကာ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များချနိုင်စေသည်။

ရွှေ့လျားကျန်းမာရေးဆေးခန်းများ၏ ထိရောက်မှုသည် ပံ့ပိုးပေးထားသော စောင့်ရှောက်မှု အရည်အသွေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်များ၏ အရည်အချင်းများ၊ ကျန်းမာရးဝန်ဆောင်မှုအမျိုးအစားများ နှင့် ရပ်ရွာပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များပေါ်တွင် များစွာမူတည်ပါသည်။ မိုဘိုင်းလ်ဆေးခန်းများသည် အထူးသဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမှီသော နှင့် ဝေးလံခေါင်သီသော ပြည်သူလူထု များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေနိုင်ရေးနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာရေးတွင် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်ကြောင်း သုတေသနပြုချက်များအရ သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာနအနေဖြင့် ၎င်းပြည်သူလူထူများအတွက် ကျွန်ုပ်တို့၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှေ့လျားကျန်းမာရေးဆေးခန်းကို ဖွင့်လှစ်ရန် အစပျိုးဆောင်ရွက်ခဲ့ပါသည်။ ဤအစီအစဉ်သည် ကျွန်ုပ်တို့၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှု ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ တန့်ယန်းနှင့် နမ့်ဆန်မြို့နယ်များတွင် တည်ရှိသည့် စီမံကိန်းကျေးရွာများတွင် ရွေ့လျားကျန်းမာရေးဆေးခန်းကို အကောင်အထည်ဖော်   ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤစီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် နော်ဝေကြက်ခြေနီအသင်းထံမှ ရန်ပုံငွေထောက်ပံ့မှုကို ရရှိခဲ့ပါသည်။

ကျွန်ုပ်တို့၏ ရွေ့လျားကျန်းမာရေးဆေးခန်းသည် ဤစီမံကိန်းကျေးရွာများရှိ ရပ်ရွာလူထုထံ တိုက်ရိုက်ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေးဆောင်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် ရပ်ရွာလူထုများမှ ခွင့်ပြုထားသောနေရာများတွင် ရွှေ့လျားကျန်းမာရေးဆေးခန်းကို ဖွင့်လှစ်၍ ၎င်းကို သီးသန့်ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များအဖွဲ့မှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးထားပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးအရာရှိများ ပါဝင်သည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုများကို လွှမ်းခြုံပေးနိုင်သည်။ ၎င်းတို့တွင် မကူးစက်နိုင်သောရောဂါများနှင့် မကူးစက်နိုင်သောရောဂါများကို ရှာဖွေကုသပေးသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်သည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ECG၊ Doppler USG နှင့် Abdominal USG ကဲ့သို့သော ရောဂါရှာဖွေရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများရှိသောကြောင့် စောစီးစွာ ရောဂါရှာဖွေတွေ့ရှိမှုနှင့် နောက်ဆက်တွဲ အချိန်မီ ကုသမှုများကို ပေးစွမ်းနိုင်ပါသည်။ အထူးပြု သားဖွားမီးယပ်နှင့် မီးဖွားပြီးနောက် စောင့်ရှောက်မှုနှင့်အတူ အရေးပေါ် ရှေးဦးသူနာပြုစုခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးဆောင်ရန် ပါဝင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ကျန်းမာသောလူနေမှုဘဝပုံစံကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့်အသိပညာဖြင့် ရပ်ရွာလူထုအား ခွန်အားဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှုအစီအမံများ၊ စစ်ဆေးမှုများနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်ပါသည်။ ထို့ပြင် အလုံးစုံသောကျန်းမာရေးအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည်လည်း  အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်ကို အသိအမှတ်ပြုခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကိုလည်း ပေးပါသည်။ ကျွန်ုပ်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ရွေ့လျားကျန်းမာရေးဆေးခန်းများ ကိုဆက်လက် တိုးချဲ့ရန်အစီအစဉ်ကို စတင် လုပ်ဆောင် နေပါသည်။

နိဂုံးချုပ်အနေဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများသည် ကျန်းမာရေးဝန်ဆောင်မှု နည်းပါးပြီး လက်လှမ်းမမှီသော၊ ဝေးလံခေါင်သီသော ရပ်ရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ လက်လှမ်းမီရန် အတားအဆီးများကို ဖြေရှင်းပေးခြင်းနှင့် ရပ်ရွာတစ်ခုလုံး ကျန်းမာရေးနှင့် သုခကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။