မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးမဟာဗျူဟာနှင့် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) မဟာဗျူဟာပန်းတိုင်(၁)အရ ပိုမိုကျန်းမာလုံခြုံစေပြီး အန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေခြင်းဖြင့် ရပ်ရွာလူထုများ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအား မြှင့်တင်ပေးရန် ရည်ရွယ်၍ မိတ်ဖက်ကြက်ခြေနီအသင်းအဖွဲ့များနှင့် WHO, UN စသည့် အခြားသောအဖွဲ့အစည်းများ၏ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် စီမံချက်၊ စီမံကိန်းများဖွဲ့စည်း၍ ၎င်းတို့၏ သက်ဆိုင်ရာဒေသများတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကာ နိုင်ငံနှင့်အဝှမ်း လွှမ်းခြုံနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။
ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သည်။ လတ်တလောတွင် အသင်းသည် စီမံချက်နှင့် စီမံကိန်း ( ၁၁ )ခုကို (အပြည်ပြည်ဆိုင်ရာကြက်ခြေနီလခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC၊ နော်ဝေနိုင်ငံကြက်ခြေနီအသင်း (NRC)၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း (DRC)၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်း (FRC)၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်း (SRC)၊ ဩစတေးလျနိုင်ငံကြက်ခြေနီအသင်း (AuRC)၊ တရုတ်နိုင်ငံကြက်ခြေနီအသင်း (RCSC)၊ ကနေဒီယန်နိုင်ငံကြက်ခြေနီအသင်း (CRC)၊ UNOPS တို့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ပေါင်း (၃၄)မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။)


လက်ရှိဆောင်ရွက်နေသော ရပ်ရွာလူထု၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ကျန်းမာရေးမြှင့်တင်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အရေးပေါ်အခြေအနေတွင် ပြည်သူ့ကျန်းမာရေး – ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းလုပ်ငန်းများ
- လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ခြင်းနှင့် တီဘီရောဂါတိုက်ဖျက်ခြင်း
- လူထုအခြေပြု ကျန်းမာရေးနှင့် ရှေးဦးပြုစုစောင့်ရှောက်ခြင်း
- မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ
- မိခင်၊မွေးကင်းစနှင့် ကလေးငယ်ကျန်းမာရေးစောင့်ရှောက်ခြင်း
- လူထုအတွင်း ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များပေးခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများ ဆောင်ရွက်ခြင်း
- ကိုဗစ်-၁၉ အပါအဝင် အခြားသော ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများဆိုင်ရာ တုန့်ပြန်မှုများအတွက် လူထုအခြေပြု ကြိုတင်ပြင်ဆင်ခြင်းနှင့် တုန့်ပြန်ခြင်း
- ရွေ့လျားဆေးကုသခန်းများဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- စေတနာသွေးသန့်သွေးလှူရှင်စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း
- ခြေတုလက်တု တပ်ဆင်ရေးနှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုပေးခြင်း