မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စေတနာလုပ်အားရှင်အခြေပြုအဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြို့နယ်အသင်းခွဲပေါင်း ၃၀၀ ကျော်၊ တကသိုလ်/ကောလိပ် အသင်းခွဲပေါင်း ၁၀၀ ကျော်၊ ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံအနှံ့ လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာ အဖွဲ့အစည်းဖြစ်ပါသည်။
အသင်းမှချမှတ်ထားသောမဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ ဘေးအနရာယ်ကာကွယ်တုန့်ပြန်ရေး လုပ်ငန်းများ၊ ဘေးအနရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ကျန်းမာရေးမြှင့်တင်ခြင်းလုပ်ငန်းများ၊ လူမှုကရုဏာဆိုင်ရာအသိပညာပြန့်ပွားရေးလုပ်ငန်းများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်း များ၊ စေတနာသွေးလှူဒါန်းခြင်း နှင့်သွေးလှူရှင်စုဆောင်ခြင်းလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းနှင့် အနရာယ် ကင်းရှင်းရေးလုပ်ငန်းများ၊ အရေးပေါ် သူနာတင်ယာဉ်လုပ်ငန်းများ၊ ရပ်ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးလုပ်ငန်းစဉ်များ စသည့် လူမှုကရုဏာလုပ်ငန်းများကို မြို့နယ်အသင်းခွဲရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များမှ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် ကြက်ခြေနီအသင်းခွဲများဖွံ့ဖြိုးတိုးတက်ရေး၊ ကြက်ခြေနီစေတနာလုပ်အားရှင်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။
အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအနေဖြင့်
- အသင်းခွဲစွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်း၊ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်စေခြင်း
- အသင်းခွဲများရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးပုံစံရေးဆွဲ အကောင်အထည်ဖော်စေခြင်း
- အသင်းခွဲများ infrastructure development အတွက် ပံ့ပိုးပေးခြင်း
စေတနာလုပ်အားရှင်စီမံခန့်ခွဲခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအနေဖြင့်
- ကြက်ခြေနီစေတနာလုပ်အားရှင်များစည်းရုံးခြင်းနှင့် တည်တံ့စေခြင်း
- နည်းပညာပံ့ပိုးပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများပို့ချခြင်း
- ကြက်ခြေနီစေတနာလုပ်အားရှင် ထိခိုက်မှုအာမခံနှင့်ပတ်သက်ပြီးဆောင်ရွက်ပေးခြင်း
လူငယ်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပါဝင်ဆောင်ရွက်မှုတိုးတက်လာစေရေးအနေဖြင့်
- လူငယ်ခေါင်းဆောင်သင်တန်းများပို့ချခြင်း
- နိုင်ငံတွင်းနှင့် နိုင်ငံတကာလူငယ်ကွန်ယက်များအားကောင်းလာစေရေးဆောင်ရွက်ပေးခြင်း
- လူငယ်များဦးဆောင်သော ရပ်ရွာအခြေပြုလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ပေးခြင်း (ဘဝတွက်တာသိမှတ်စရာ၊ လူငယ်မှတဆင့်အပြုအမူကောင်းများပြောင်းလဲခြင်းအတွက်သက်ရွယ် ဆင့်တူပညာပေးခြင်း၊ ဘောလုံးအခြေပြုလူငယ်နှင့် ရပ်ရွာလူထုဖွံ့ဖြိုးတိုးတက်ရေး)
စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် စေတနာလုပ်အားရှင်များ အခြေပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသော ဘေးဒုက္ခများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများတွင် နေ့မအား၊ ညမနား ပါဝင်ခဲ့ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်သည်။
စေတနာလုပ်အားရှင်တစ်ဦးဖြစ်ရခြင်း အကျိုးများ
- နိုင်ငံအတွင်း ဘေးအန္တရာယ်ကျရောက်လွယ်ဆုံးသူများကို အကူအညီပေးနိုင်ခြင်း
- နိုင်ငံတကာအသိအမှတ်ပြု ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းများ တက်ရောက်ခွင့် ရှိခြင်း
- ကမ္ဘာလုံးဆိုင်ရာ ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ခွင့်ရှိခြင်း
- အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း
စေတနာလုပ်အားရှင်များကိုဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စေတနာလုပ်အားရှင်မူဝါဒအရ စေတနာလုပ်အားရှင်ဆိုသည်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများကို အခကြေးငွေမယူဘဲ အခါအားလျော်စွာ (သို့မဟုတ်) ပုံမှန်အချိန်သတ်မှတ်၍လုပ်အားဝန်ဆောင်မှုပေးသောသူကိုဆိုလိုပါသည်။ ကြက်ခြေနီ၊ လခြမ်းနီလှုပ်ရှားမှုတွင် လူမှုကရုဏာလုပ်ငန်းများကို စေတနာဖြင့် လုပ်အားဝန်ဆောင်မှုပေးခြင်း ဆိုသည်မှာ ငွေကြေး၊ ပစည်း၊ အခွင့်အရေးရလိုမှု၊ ပြင်ပမှ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး ဖိအားပေးမှုမပါဝင်ဘဲ ဘေးအနရာယ်ကျရောက်လွယ်သူများနှင့် လူ့အဖွဲ့အစည်းများအားအကျိုးပြုရန် ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ မိမိဆနအလျောက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အသင်း၏ လူမှုကရုဏာလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက် လိုသူတိုင်းကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ကဏ္ဍအသီးသီးတွင် တက်ကျွမ်းသော ပညာရှင်များကို လည်းကောင်း၊ စေတနာဖြင့် လုပ်အားပေးလိုသူများကိုလည်းကောင်း လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်ဖိတ်ခေါ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စေတနာလုပ်အားရှင်အဖြစ် ပါဝင်လိုပါက Google Play Store ရှိ Myanmar Red Cross Society Apps တွင် ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း facebook page, twitter နှင့် website များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အသင်းအကြောင်း၊ စေတနာလုပ်အားရှင်မူဝါဒ၊ လူငယ်မူဝါဒ၊ ကြက်ခြေနီအခြေခံမူများနှင့် လိုက်နာရမည့်ကျင့်ဝတ်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။ စေတနာလုပ်အားရှင်အဖြစ် လျှောက်ထား ရာတွင် မိမိတို့နေထိုင်ရာမြို့နယ်ရှိ ကြက်ခြေနီ အသင်းခွဲများသို့လည်း တိုက်ရိုက်သွားရောက် လျှောက်ထားနိုင်ပါသည်။