ကြက်ခြေနီမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး (Coalition for Resilience) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကြက်ခြေနီမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး (Coalition for Resilience) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

= = = နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး (Red Cross Seminar on “Coalition for Resilience in Myanmar” ) ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်ရှိ M-Gallery Hotel၊ Ayeyarwady Ballroom ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခ ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC)၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် ကိုယ်စားလှယ်တော်များ၊ UNနှင့် နိုင်ငံတကာအသင်းများမှ ကိုယ်စားလှယ်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ လူမှုကရုဏာအကူအညီ လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း ဦးတည်ဆောင်ရွက်မှုများ၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်တင်ရေးအတွက် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြောကြား ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများအသင်း ဖက်ဒရေးရှင်းမှ under Secretary General Mr. Jagan Chapagain က ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရေး ဆွေးနွေးတင်ပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Stephan Pierre Sakalian က ပဋိပက္ခနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများ အကြောင်း ကို ဆွေးနွေးခဲ့ကြပါသည်။ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေမှ ဦးဆောင်၍ ဖိတ်ကြားထားသော အတတ်ပညာရှင် အသိပညာရှင်များက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များမှ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။