ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဝန်ဆောင်မှု
ရှေးဦးပြုစုခြင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျောရိုးဖြစ်ရုံသာမက အသင်းကဆောင်ရွက် သည့် စီမံချက်များ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ကနဦးလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် ရှေးဦးပြုစုခြင်း ဝန်ဆောင်မှုများကို ၁၉၇၂ ခုနှစ်ကတည်းက စိန့်ဂျွန်းသူနာပြုဝန်ဆောင်မှု အဖြစ် စတင်ခဲ့သည်။ အစပိုင်းတွင် ရှေးဦးပြုစုခြင်းသင်တန်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဦးတည်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူလူထုအတွက် ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်လာသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ပန်းတိုင်မှာ “တစ်အိမ် တစ်ယောက် ရှေးဦးပြုစုသူရှိစေရန်” ဖြစ်ပြီး အဆိုပါပန်းတိုင်ကို ရောက်ရှိအောင် အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများ ကို နိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကျောင်းဆရာ/မများ၊ ရပ်ရွာစေတနာ လုပ်အားရှင်များနှင့် ရပ်ရွာလူထုတို့ကို ပို့ချပေးလျက်ရှိသည်။
ရှေးဦးပြုစုခြင်းနည်းစနစ်များကို သိရှိစေ ရန်နှင့် အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများနှင့် နေ့စဉ်လူမှုဘဝတွင် ဘေးဒုက္ခကျရောက် နေသူများကို ရှေးဦးပြုစုပေးနိုင်ရန်နှင့် လိုအပ်ပါက ဆေးရုံဆေးခန်းများသို့ ညွှန်းပို့ပေးနိုင်ရန် လေ့ကျင့် သင်ကြားပေးထားပြီး လေ့ကျင့်သင်ကြားပေးထားသော ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာလုပ်အား ရှင်များက ပြည်သူလူထုကို ရှေးဦးပြုစုခြင်း အသိပညာများ ဖြန့်ဝေပေးလျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှေးဦးပြုစုခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ လူထုအခြေပြု ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းနှင့် ရေပြင်သက်ကယ်၊ အိမ်တွင်းမတော်တဆ ဖြစ်ပွားမှု ကာကွယ်ရေးနှင့် လမ်းအန္တရာယ် မတော်တဆဖြစ်ပွားမှုကာကွယ်ရေးစသည့် အန္တရာယ် ကင်းရှင်းရေး သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။ အခြားအဖွဲ့အစည်းများက တောင်းဆိုလာပါက ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ် ပေးလျက်ရှိပြီး အဆိုပါသင်တန်းများသည်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝင်ငွေတိုးလုပ်ငန်း တစ်ခုဖြစ်ကာ ရှေးဦးပြုစုခြင်း စီမံကိန်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။
လေ့ကျင့်သင်ကြားပေးထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကျောင်းဆရာ/မများနှင့် ရပ်ရွာလူထုစေတနာလုပ်အားရှင်များသည် နိုင်ငံတစ်ဝန်းတွင် ရှေးဦးပြုစုခြင်းဝန်ဆောင်မှုကို သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခဖြစ်ပွားချိန်များတွင်သာမက နေ့စဉ်ကြုံတွေ့နေရသည့် အရေးပေါ် အခြေအနေတို့တွင် အကူအညီလိုအပ်နေသူတိုင်းကို ပံပပိုးပေးလျက်ရှိသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရပ်ရွာလူထု စေတနာလုပ်အားရှင်များသည် မိမိနေအိမ်နှင့် လမ်းများပေါ်တွင် ဖြစ်ပွားသည့်ထိခိုက်ဒဏ်ရာရရှိမှုကိုလျော့ချရန် အိမ်တွင်းမတော်တဆထိခိုက်မှု ကာကွယ်တားဆီးရေးနှင့် လမ်းအန္တရာယ်ထိခိုက်မှုကာကွယ်တားဆီးရေး စီမံကိန်းများကို ဆောင်ရွက်လျက် ရှိသည်။
ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများအကြောင်း
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် – ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန
အီးမေးလ် : myatminnaing@redcross.org.mm, htoonlwinoo@redcross.org.mm
မိုဘိုင်းဖုန်း : +၉၅ ၉ ၅၀၉၃၄၁၂၊ +၉၅ ၉ ၅၀၉၃၄၁၂
ရှေးဦးပြုစုခြင်း သင်တန်းများနှင့် စေတနာလုပ်အားရှင်များအတွက် လိုအပ်ချက်
ကြက်ခြေနီစေတနာလုပ်အားရှင်အားလုံးသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ဝင်ရောက်ချိန်မှစ၍ ၆ လအတွင်း အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို တက်ရောက်အောင်မြင်ရန်လိုသည်။ ထို့နောက် သာမာန်သင်တန်း၊ ရှေးဦးပြုစုခြင်း နည်းပြသင်တန်း၊ ရှေးဦးပြုစုခြင်းမွမ်းမံသင်တန်းနှင့် အခြား လိုအပ်သော သင်တန်းများကို တက်ရောက်နိုင်ပြီဖြစ်သည်။
ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်း
အများပြည်သူအတွက် ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။ ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်းနှင့် ပတ်သက်ပြီး မည်သို့ဆက်သွယ်ဆောင်ရွက်ရမည်ကို ဝင်ငွေရရှေးဦးပြုစုခြင်း အခန်းကဏ္ဍတွင် ဖတ်ရှုနိုင်သည်။
အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒအကြောင်းနှင့် သာမာန်အရေးပေါ် အခြေအနေ ဖြစ်ပေါ်နိုင်သည့် ထိခိုက်ဒဏ်ရာများအကြောင်းကို သုံးရက်တာ အလေးထားသင်ကြားပေးသည်။ သင်တန်းတက်ရောက်ပြီးပါက သင်တန်းသားများသည် ရေးဖြေ၊ နှုတ်ဖြေနှင့် လက်တွေ့ စာမေးပွဲများကို ဖြေဆိုရမည် ဖြစ်သည်။ အခြေခံရှေးဦးပြုစုခြင်း ၃ ရက်သင်တန်းတွင် ပါဝင်သည့် သင်ခန်းစာများ
- ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာ
- ရှေးဦးပြုစုခြင်း သဘောထား
- လူနာဆန်းစစ်ခြင်း
- အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း
- ဒဏ်ရာများနှင့် သွေးယိုစီးခြင်း
- သွေးလန့်ခြင်း
- အခြေခံအသက်ရှုအားကူခြင်းနှင့် ဆို့နင်ခြင်း
- ကြွက်သားဒဏ်ရာများနှင့် ပြုစုပုံ အဆင့်ဆင့်
- အဆိပ်သင့်ခြင်း၊ တိရစ္ဆာဆန်များကိုက်ခြင်းနှင့်တုပ်ခြင်း
- ပတ်တီးစည်းနည်း
- ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမကြီး ဒဏ်ရာ
- သတိလစ်မေ့မြောခြင်း နှင့် စိတ်ချရသော အနေအထား
- လူနာသယ်ဆောင်ခြင်းနှင့် ညွှန်းပို့ခြင်း
ဆက်သွယ်ရန် –
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန
အီးမေးလ် – myatminnaing@redcross.org.mm, htoonlwinoo@redcross.org.mm
မိုဘိုင်းဖုန်း – +၉၅ ၅၀၉၃၄၁၂၊ ၉၄၀၀၇၈၈၉၀၂
ရှေးဦးပြုစုခြင်း နည်းပြသင်တန်းသည် ၈ ရက်တာသင်တန်းဖြစ်ပြီး ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒအကြောင်း နှင့် သာမာန်အရေးပေါ် အခြေအနေ ဖြစ်ပေါ်နိုင်သည့် ထိခိုက်ဒဏ်ရာများအကြောင်းကို အလေးထား သင်ကြား ပေးသည်။ သင်တန်းတက်ရောက်ပြီးပါက သင်တန်းသားများသည် ရေးဖြေ၊ နှုတ်ဖြေနှင့် လက်တွေ့စာမေးပွဲများကို ဖြေဆိုရမည် ဖြစ်သည်။ ရှေးဦးပြုစုခြင်းနည်းပြသင်တန်း ၈ ရက်တာ သင်ခန်းစာများ
- အခြေခံမူများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအကြောင်းအပါအဝင် ကြက်ခြေနီ လှုပ်ရှားမှုအကြောင်း သိကောင်းစရာ
- ရှေးဦးပြုစုခြင်း သဘောထား
- လူနာဆန်းစစ်ခြင်း
- အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း
- ဒဏ်ရာများနှင့် သွေးယိုစီးခြင်း
- သွေးလန့်ခြင်း
- အခြေခံအသက်ရှုအားကူခြင်း၊
- ကြွက်သားဒဏ်ရာများနှင့် ပြုစုပုံ အဆင့်ဆင့်
- အဆိပ်သင့်ခြင်း၊
- တိရိစ္ဆာန်များကိုက်ခြင်းနှင့်တုပ်ခြင်း
- ဒဏ်ရာအားဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်း
- ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမကြီး ဒဏ်ရာ
- သတိလစ်မေ့မြောခြင်း နှင့် စိတ်ချရသော အနေအထား
- ဆို့နင်လူနာအား ပြုစုခြင်း
- သတိလစ်မေ့မြောလူနာအား ပြုစုစောင့်ရှောက်ခြင်း
- အရေးပေါ်ကလေးမီးဖွားခြင်း
- လူနာသယ်ဆောင်ခြင်းနှင့် ညွှန်းပို့ခြင်းနှင့်
- စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း (PSS)
အခြားအရေးပါသော သင်ခန်းစာများဖြစ်သည့် သင်ခန်းစာရေးဆွဲခြင်း၊ လူထုအား စည်းရုံးခြင်း၊ အဖွဲ့လိုက် လှုပ်ရှားဆောင်ရွက်ခြင်း၊ သင်တန်းအား စီမံခန့်ခွဲခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ သင်ကြားမှုစွမ်းရည်၊ အစီရင်ခံတင်ပြခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း စသည်တို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းထားပြီး သင်တန်းများကို နည်းပြတစ်ဦးအဖြစ် လုံးလုံးလျားလျား တာဝန်ယူဆောင်ရွက် နိုင်စေရန် သင်ကြားပေးသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အများပြည်သူအတွက် ရှေးဦးပြုစုခြင်းသင်တန်းများ ပို့ချလျက် ရှိသည့် အနည်းငယ်သော အဖွဲ့အစည်းများတွင် တစ်ခုဖြစ်သည်။ လေကြောင်းလိုင်းမှ ဝန်ထမ်းများ၊ ဟိုတယ်၊ အပန်းဖြေစခန်းများ၊ နိုင်ငံတကာကျောင်းများ၊ သံရုံးဝန်ထမ်းများနှင့် အခြား အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်။ ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများအနေဖြင့် –
အခြေခံရှေးဦးပြုစုခြင်းသင်တန်း
သင်တန်းပြီးမြောက်ကြောင်းထောက်ခံစာ သင်ရိုးလမ်းညွှန်နှင့် လက်စွဲစာအုပ် ၃ ရက် – ၅ ရက် သင်တန်း
ရှေးဦးပြုစုခြင်း မွမ်းမံသင်တန်း
သင်တန်းပြီးမြောက်ကြောင်းထောက်ခံစာ သင်ရိုးလမ်းညွှန်နှင့် လက်စွဲစာအုပ် ၂ရက် သင်တန်း
သင်တန်းကြေး
သင်တန်းကြေးမှာ မြန်မာနိုင်ငံသားတစ်ဦးလျင်ကျပ် ၃၄,၀၀၀ ဖြစ်ပြီး နိုင်ငံခြားသားများအတွက် တစ်ဦးလျင် ၄၅,၀၀၀ ကျပ်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများအနေဖြင့် ရှေးဦးပြုစုခြင်းစာအုပ်၊ သုံးထောင့်ပတ်တီး၊ CPR Mask နှင့် သင်တန်းဆင်းလက်မှတ် တို့ ပါဝင်ပါသည်။ သင်တန်းကြေးမှ ရရှိလာသည့် ဝင်ငွေများကို ကျန်းမာရေးစီမံကိန်းများတွင် ထည့်ဝင်အသုံးပြုလျက်ရှိသည်။
နေရာ
မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးများတွင် သင်တန်းဖွင့်လှစ်ပေးနိုင်ပြီး အကယ်၍ လုပ်ငန်းခွင်တွင်သာ သင်တန်းပို့ချစေလိုပါက သင်တန်းကြေးအပြင် သယ်ယူပို့ဆောင်ရေးနှင့် သင်တန်းအတွက် လိုအပ်သည့် ပစ္စည်းများအတွက် တာဝန်ယူပေးရမည်ဖြစ်သည်။
ဘာသာစကား
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း သင်ကြားပို့ချပေးသည်။ ဘာသာပြန်အား မိမိအစီအစဉ်ဖြင့် ခေါ်ယူလိုပါကလည်း ညှိနှိုင်းနိုင်သည်။
ဆက်သွယ်ရန်
မိသားစုဝင်များ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းမှ ဝန်ထမ်းများအတွက် ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပေးလိုပါက –
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန
အီးမေးလ် : myatminnaing@redcross.org.mm, htoonlwinoo@redcross.org.mm
မိုဘိုင်းဖုန်း : +၉၅ ၅၀၉၃၄၁၂၊ ၉၄၀၀၇၈၈၉၀၂