မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန်ခွာ နေထိုင်ခြင်း ကိစ္စရပ်များသည် ရှုပ်ထွေးပြီး များစွာသော အခြေအနေအရပ်ရပ်များကြောင့် လူသားချင်းစာနာထောက်ထားဆိုင်ရာ ကိစ္စရပ်များ များစွာဖြစ်ပေါ်စေပါသည်။ ရွှေ့ပြောင်းသွားလာခြင်းသည် ကောင်းကျိုးနှင့် အခက်အခဲစိန်ခေါ်မှုနှစ်မျိူးလုံးကို ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များသည်လည်းကောင်းရင်ဆိုင်ကြုံတွေ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုက္ခသည် အများဆုံး(၅)နိုင်ငံအနက် တစ်နိုင်ငံ ဖြစ်ပြီး၊ မဲခေါင်ဒေသတွင်လည်း ရွှေ့ပြောင်းသွားလာမှု အများဆုံးနိုင်ငံဖြစ်၍ အများစုမှာ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြပြီး ခန့်မှန်းခြေ လူဦးရေ (၄) သန်းကျော် ရှိပါသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူအများစုသည် အထောက်အထားမဲ့(သို့) ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာ မှုများ ဖြစ်ကြပါသည်။ ထို့ကြောင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ငွေညှစ်မှု၊ အကြွေးဖြင့် ချည်နှောင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများလည်း ရှိနေပါသည်။ နိုင်ငံမဲ့မှုနှင့် ရွှေ့ပြောင်းသွားလာနေထိုင်မှုများသည် အရေးကြီးသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ “ရွှေ့ပြောင်းသွားလာသူများနှင့် နေရပ်စွန့်ခွာနေထိုင်သူများအရေးလုပ်ငန်း” ၏ လုပ်ငန်းအစဉ် (၁၀) ရပ်ကို ရွှေ့ပြောင်းသွားလာမှုနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းအခြေအနေများတွင် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ထိခိုက်လွယ်သောလူအုပ်စုများ၊ အမျိုးသမီးနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများတို့ကို အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်မှုများ၊ အစားအစာနှင့် ထောက်ပံ့မှုများတို့ကို ပံ့ပိုးကူညီရန်အတွက် (၂၀၁၈) ဇွန်လမှ စတင်၍ လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
လုပ်ငန်းအစီအစဉ် (၁၀) ရပ်မှာ -
“ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန်ခွာ နေထိုင်ခြင်း” လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း
ရွှေ့ပြောင်းသွားသူများနှင့် နေရပ်စွန်ခွာနေထိုင်သူများ ၏လိုအပ်ချက်များကို ဆန်းစစ်လေ့လာခြင်း
ရွှေ့ပြောင်းသွားလာသူများနှင့် နေရပ်စွန်ခွာ နေထိုင်သူများအရေး အခြေခံနှင့် အဆင့်မြင့်သင်တန်းအစီအစဉ်များ ရေးဆွဲဖွင့်လှစ်ခြင်း
ရွှေ့ပြောင်းသွားသူများနှင့် နေရပ်စွန်ခွာနေထိုင်သူများ အတွက် ရေရှည်တည်တံ့သော ဆွေးနွေးချက်များ ဆွေးနွေးဆောင်ရွက်ခြင်း
“ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန်ခွာ နေထိုင်ခြင်း” ဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်း
“ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန်ခွာ နေထိုင်ခြင်း” ဆိုင်ရာ မူဝါဒရေးဆွဲခြင်း
လူကုန်ကူးမှုနှင့်ပတ်သက်သော အခြေအနေနှင့် လိုအပ်ချက်များကိုသိရှိရန် ကွင်းဆင်းလေ့လာမှုကို ပြုလုပ်ခြင်း
“အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အထိမ်းအမှတ်” အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်ခြင်း
ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း
ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းဆိုင်ရာ လှုပ်ရှားမှုများအတွက် အသင်းခွဲများမှ ဦးဆောင် သော အသေးစား အရင်းအမြစ်များ ဦးတည်ဆောင်ရွက်ခြင်း စသည်တို့ကိုဆောင်ရွက်လျက်ရှိသည်။