နှစ်စဉ်ကမ္ဘာတဝှမ်းတွင် ဘေးအန္တရာယ်၊ ပဋိပက္ခ၊ လူကုန်ကူခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် အရေးပေါ် အခြေအနေ (သို့) အကြောင်းအမျိုးမျိုးကြောင့် မရေမတွက်နိုင်သော မိသားစုများသည် ချစ်ခင်နှစ်သက်သူများနှင့် အဆက်အသွယ်ပြတ် ကွဲကွာလျက်ရှိကြပါသည်။ ထိုသို့ မိသားစုများ တကွဲတပြားဖြစ်သည့်အခါ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာရှာဖွေဆက်သွယ်ပေးရေးကွန်ယက် အမျိုးသားကြက်ခြေနီအသင်း များနှင့် လခြမ်းနီအသင်းများပူးပေါင်း၍ မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းများကို အခမဲ့ ကူညီဆောင် ရွက်ပေးလျက်ရှိပြီး လက်ခံရရှိသည့် မိသားစုသတင်းအချက်အလက်များကို လျှို့ဝှက်ထားရှိပါသည်။ ထို့အတူ ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့်သာ သတင်းဖလှယ်ခြင်း ကိစ္စရပ်များဆောင်ရွက်ပါသည်။

ရည်ရွယ်ချက်
ပဋိပက္ခ၊ သဘာ၀ဘေး၊ လူသားတို့ကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်နှင့် အခြားသော လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များအရ တကွဲတပြားဖြစ်သွားသော မိသားစုများကို အဆက်အသွယ်ပြန်လည် ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
နောက်ခံသမိုင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အပြီး (၂၀၀၈)ခုနှစ်၊ မေလ(၈)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ယခုအခါ ဘေးထိခိုက်ခံစားရသည့် မိသားစုများအတွက် အကူအညီပေးခြင်းကို လုပ်ငန်းစဉ် (၅)ရပ်ဖြင့် မိသားစုပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြို့နယ်ကြက်ခြေနီ အသင်းခွဲပေါင်း (၃၃၀) ရှိရာ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနသည် ၎င်းမြို့နယ်ကြက်ခြေနီအသင်းခွဲ များနှင့် ချိတ်ဆက်၍ စေတနာ လုပ်အားရှင် (၄၀၀) ကျော်ခန့် ပါဝင်သည့် အင်အားခိုင်မာသော စေတနာ လုပ်အားရှင်ကွန်ယက်ဖြင့် မိသားစုအဆက် အသွယ်ရရှိနိုင်ရေးလုပ်ငန်းစဉ်များကို ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
ကျေးဇူးပြု၍ ဆက်သွယ်ပါ။
မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနသည် မည်သို့ ကူညီဆောင်ရွက်ပေးနေသည်ကို ပိုမိုသိရှိလိုပါက (သို့) အကူအညီတောင်းခံလိုပါက သင်နေထိုင်သည့် နီးစပ်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲ (သို့) အောက်ဖော်ပြပါ လိပ်စာသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း
မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန
အမှတ်(၄၂)၊ ဒုတိယထပ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း (၀၁) ၈၃၈၃၆၈၄ လိုင်းခွဲ(၀)
ဖုန်း ၀၉-၉၅၇၅၅၇၀၀၀
Email – rfl@redcross.org.mm